Manikarnika: The Queen of Jhansi 2019
” ကျောထက်မှာ သားကို ပိုးလို့ ၊ လက်ဖဝါးမှာလည်း ဓားကို ဆုပ်လို့ “
ဤမြင်ကွင်းသည် မြင်နေကြ ရှုခင်းမဟုတ်။ လှပစွာ စုက်ချက်ထွင်းထားသည့်
ပန်းချီကား ဟုလည်း မဆိုနိုင်။ သို့ပင် နှစ်လိုဖွယ် ကောင်းလှသည်။
ဤသည်ကားတိုက်ခိုက်ရေး အသွင်မှ ထင်းလင်းလာသည့် ပုံရိပ်ဖြစ်သည်။
ထိုအချိန်ဝယ် ရှိရင်းစွဲ စန္ဒကူး ရနံ့ တို့လည်း သင်းပျံ့မည် မထင်။
ရဲရဲစွေး ပေကျံနေသော သွေးညီနံ့ တလိမ်းလိမ်း ဖြင့်သာ ထုံလွှမ်းနေပေလိမ့်မည်။
သူမ၏ ကျောထက်မှ သား သည်
တိုင်းပြည် ၏ အသက် ဖြစ်သည်။
သူမ လက်ဖဝါးတို့သည် နူးညံ့စွာ တည်ရှိရမည့်အစား ရဲရင့်လှသည်။
ထို့နှင့် သွေးကြော အမျှင် တန်းတို့ သည်လည်း အညံ့မခံလိုသော စိတ်တို့ ကို လစ်ဟနေသည်။
ထိုအချိန်တွင် တိုင်းသူ့ပြည်သား တို့သည် သူမအတွက် အသက်ပင် စွန့်ပစ်ရပါစေ။
ပေးဆပ်ဖို့ အသင့်ဖြစ်နေကြလေပြီ။
သူမကား အခြားသူမဟုတ်။ လက်ရုံးရည် နှလုံးရည် ပြည့်ဝလှသော
မိန်းမကောင်း မိန်းမမြတ် စာရင်းဝင် ” လက်ရ်ှမီးဘိုင် “ပင်ဖြစ်တော့သည်။
သူမ သည် မနူး သို့မဟုတ် မနီကာ နီကာ
ငယ်နာမည်ဖြင့် စတင် ခဲ့ပြီး မိဖုရားအဖြစ်သို့ ရောက်ရှိချိန်မှ
” လက်ရ်ှမီးဘိုင် ” ဟုအမည်တွင်လာခဲ့သည်။
သူမသည် ငယ်စဉ်ကတည်းက ဓားရေးပညာတို့နှင့် ထိတွေ့မှုရှိပြီး ရဲဝံ့မှုကလည်း
အခြားသူတို့ထက် သာလွန်သည်။
သူမသည် လက်ရုံးရည် လည်း ပြည့်ဝသလို နှလုံးရည် လည်း မွန်မြတ်သည်။
မေတ္တာ တရားလည်း ပြည့်ဝသလို
မတရားမှုတွေနဲ့ ကြုံ လာရင်လည်း ဓားရေးက သွက်လှသည်။
ထို့ကြောင့် နယ်ချဲ့ တို့အား ဦးခေါင်းမညွှတ်။
အညံ့မခံဘဲ သူမ တော်လှန်လာခဲ့သည်။
သူမ သည် ဂျန်စီးပြည်နယ် ၏ အသက်ပင် ဖြစ်သည်။
သူမသည် လွတ်လပ်မှု၏ မီးပွားလေး တစ်ခုဖြစ်ပြီး ပြည်သူတို့၏ လွတ်လပ်လိုစိတ်ကို
မီးညှိ ပေးခဲ့သူဖြစ်သည်။
” ရှင်သန်သည် ဖြစ်စေ သေဆုံးသွားသည် ဖြစ်စေ အောင်မြင်မှုက ငါတို့ပဲ ပိုင်တယ် “
သူမဟာ ဒီလို စကားမျိုးကို တွင်တွင်ပြောခဲ့ပြီး သေဆုံးသွားသည်တိုင် အညံ့မခံခဲ့။
အားလုံးကို သူမ မမက်မောခဲ့။ လွတ်လပ်မှုကို သာ တောင့်တခဲ့တယ်။ ဒါဟာ ရာဇဝင် မှာ စာတွင်စေခဲ့တဲ့ အကြောင်းရင်းပါပဲ။
ဇာတ်လမ်းအကျဉ်း
————-
အချိန်ကာလကား 1828 ခုနှစ်။
အိန္ဒိယ တစ်နိုင်ငံလုံးနီးပါးလည်း ဗြိတိသျှ တို့ ကြီးစိုးနေချိန် ဖြစ်သည်။ ဂျန်စီးပြည်နယ် မှာလည်း ဗြိတိသျှ တို့ တရိပ်ရိပ် ချဉ်းနင်းလာခဲ့ချိန် ဖြစ်သည်။
ထိုအချိန်ဝယ် ဗာရာနာဆီ ပြည်နယ် ၏ တစ်ထောင့် တစ်နေရာမှာတော့ ကလေးမလေး တစ်ယောက် မွေးဖွားလာခဲ့သည်။
သူမ ကား ” မနီကာ နီကာ ” ပါပဲ။
သူမ ဟာ အနာဂတ်ရဲ့ ကြယ် ဆိုလည်း
မှားနိုင်မည် မထင်။
တစ်နေ့မှာတော့ သူမဟာ ဂျန်စီး ဘုရင် နှင့် လက်ဆက်လိုက်ရသည်။
နန်းဓလေ့ တွေ ရိုးရာတွေ အရ မီးဖိုချောင်ဝယ် အချိန် ကုန်ဆုံး ရမည့် အစား
သူမဟာ ယဉ်ကျေးမှု ကို ဖောက်ထွက်လာခဲ့သည်။ ဥာဏ်ပညာရည် ရွှင်သော သူမအဖို့တော့
ထုံးတမ်းစဉ်လာ တစ်ချို့က ဘောင်မဝင်ခဲ့။
တဇွတ်ထိုး နိုင်လှပေမယ့် အချက်အလက်ကျသည်။ အတွေးအခေါ် ပိုင်နိုင်သည်။
နယ်ချဲ့ တို့ အားလည်း ဦးမညွှတ် ။ ခြေလှမ်း ရှေ့တိုး၍သာ မျက်လုံးချင်းဆိုင် ပြောသည်။ နယ်ချဲ့ တို့၏ မတရားမှု တွေ့ရင်လည်း
ပြည်သူ့ဖက်မှ မားမားရပ်တည်ပေးသည်။
ထို့ကြောင့် ချစ်တဲ့ သူများ သလို မနာလို သူများလည်း ပေါလှသည်။
ထိုအချိန်ဝယ် ဗြိတိသျှ တို့သည် ဂျန်စီးပြည်နယ် ကို အပိုင်သိမ်းနိုင်ရန် ကြိုးစားနေကြချိန်ဖြစ်သည်။
အနု နည်းဖြင့် ပြုံးနေသော်လည်း အတွင်းလူသစ္စာဖောက်တို့ဖြင့်
ကြံရွယ်နေကြသည်။
တစ်ဖက်မှာလည်း လက်ရ်ှမီးဘိုင် ဟာ ရင်သွေး လေးကို လွယ်ထားရချိန် ဖြစ်သည်။
ထိုရင်သွေး သည် ယောက်ျား ဖြစ်ပါက ဂျန်စီး ပြည်နယ် သည် မင်းလောင်း အသင့် ရမည်ဖြစ်သည်။
ထို့ကြောင့်လည်း နန်းလုလိုသူ ဖက်မှလည်း အလွန်အမင်း စိုးရိမ်နေကြချိန်ဖြစ်သည်။
ထိုသို့ဖြင့် လက်ရ်ှမီးဘိုင် မွေးဖွားသန့်စင်လိုက်သော ရင်သွေးမှာ ယောက်ျားလေး
ဖြစ်လာခဲ့သောအခါ ——။
ဤသို့ဖြင့် ဘာတွေ ဖြစ်လာကြပါမည်နည်း ။
မိမိအမြင်
——-
Manikarnika ဇာတ်လမ်းမျိုးက ဇာတ်ရှိန် တရိပ်ရိပ် တက်သော အပင်ဖြစ်ပါတယ်။
အတ္ထုပ္ပတ္တိ တစ်ခုလို့သာ ပြောသော်လည်း
တင်ဆက်ပုံ ကောင်းမွန်မှုက မပျင်းမရိရအောင်ပါပဲ။ မနူး ဘဝကနေ လက်ရ်ှမီးဘိုင်
ဘဝ ရောက်ရပုံ ၊ လက်ရ်ှမီးဘိုင် ဘဝ ရောက်သော်လည်း ပြည်သူတွေကို ဆက်ဆံပုံတွေက ကြည်နူးဖို့ကောင်းပါတယ်။
တစ်ဖက်မှာ လည်း ဗြိတိသျှ တွေကို ခက်ထန်ပုံ ၊ သတ္တိ သွေးရဲရဲ နီပုံက ကျောချမ်းစရာပါပဲ။ မိန်းကလေး
ဆိုသော်လည်း ယောက်ျားတို့ထက် သာလွန်သော သဘောတရား ကို သရုပ်ဆောင်ပိုင်နိုင်စွာ ပြသနိုင်ခဲ့ပါတယ်။
မင်းသမီး ဟာ ရုပ်မဆိုးသော မချောလွန်းလှသော အလယ်အလတ်မို့ လက်ရ်ှမီးဘိုင် နေရာ နဲ့ အတော်လိုက်ဖက်တယ် လို့ မြင်မိပါတယ်။
ရက်စက်တန်သည့်ချိန်တွင် ရက်စက်သည့်ပုံ / နူးညံ့စွာ ပြုံးသည့်အချိန်တွင်လည်း လှပစွာ ပြုံးနေနိုင်ပုံက ဇာတ်ရဲ့ အပြောင်းအလဲ ကို ကြွစေပါတယ်။
ဒီလို ဇာတ်ရှိန်မကျစေဖို့ ကင်မရာရဲ့ အထောက်အပံ့ က လည်း လှနေပါတယ်။
လက်ရ်ှမီးဘိုင် လမ်းလျှောက် လာပုံကအစ
ရဲဝံ့ နိုင်မှု ၊ မိမိယုံကြည်မှုရှိမှုကို ကင်မရာသမားက အမိအရ ရိုက်နိုင်ခဲ့ပါတယ်။ ဗြိတိသျှ အလံကို ဓားနဲ့ ခုတ်ရှစေခဲ့တဲ့အခါ လ
က်ရ်ှမီးဘိုင် ရဲ့ မျက်ဝန်းကို အလံအကွဲကြားကနေ တွေ့ရမှုဟာ တော်တော် လေး
ကောင်းလှပါတယ်။
နောက်တစ်ခုက ဒီဇိုင်းနာ တွေပါ။ အဆင်အယင်တိုင်းဟာ ခမ်းနားပြီး နောက်ခံတေးသံတွေကလည်း
အချိန်ကိုက်လှပါတယ်။ ကြိုးစားပြီး ရိုက်ကူးတာကိုတော့ ငြင်းဖွယ်ရာ မရှိတော့ပါ။
ညွှန်းဆိုချက်
———
ဒီဇာတ်ကားဟာ မိန်းကလေးတစ်ယောက် အကြောင်း ဆိုပေမယ့် ရဲဝံ့တဲ့ မိန်းမသား အကြောင်းပါ။ လိင် ကွဲပြားမှု ကြောင့်
မိန်းမသားတို့သည် သတ္တိရေးရာတွင် နိမမ့မကျကြောင်း လက်ရုံးရည် နှလုံးရည်တွင်လည်း ယှဉ်နိုင်ကြောင်း ပြောပြနေတဲ့ ကားပါ။
ယောက်ျား လေးဖြစ်တဲ့ ကျွန်တော့်အဖို့တောင် ကြွေရတဲ့ကားဖို့ မိန်းကလေး များပိုကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။
မြန်မာ့သမိုင်းမှာလည်း ရှင်စောပု ရှိခဲ့သလို နယ်ချဲ့ကို ခွန်းတုံ့ပြန် ခဲ့တဲ့ စုဖရားလတ်လည်း ရှိခဲ့ဖူးပါတယ်။ မိန်းကလေးတွေဟာ မီးဖိုချောင် ရဲ့ သခင်အဖြစ်နဲ့ပဲ မွေးဖွားလာတာမဟုတ်ပါဘူး။ စစ်ပွဲတို့၏ သခင်မအဖြစ်နဲ့လည်း မွေးဖွားလာခဲ့တာပါ။
ဒါ့ကြောင့် ” လက်ရ်ှမီးဘိုင် ” ဇာတ်ကား ကြည့်လို့ ဘာမှ မကြိုက်ခဲ့ရင်တောင်မှ ဗြိတိသျှ တွေ တုန်လှုပ်ခဲ့ရဖူးသော သူထဲမှာ မိန်းကလေး ပါဖူးကြောင်း သတိရပါဟု ဆိုရင်း။
Comments
Post a Comment